ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong သည် ၁၇-၄-၂၀၂၃ ရက်နေ့၊ ၁၅၃၀ နာရီတွင် ဗီယက်နမ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံအမတ်ကြီးများအား နိုင်ငံတော်သမ္မအိမ်တော်တွင် လက်ခံတွေ့ဆုံသည့် အခမ်းအနားကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ဟနွိုင်းမြို့ရှိ မြန်မာသံရုံးမှ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong က လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ရိုးရာနှစ်သစ်ကူးအခါသမယနှင့် မွတ်ဆလင်သူငယ်ချင်းနိုင်ငံများ၏ Ramadan အခါသမယဖြစ်သည့်အတွက် သက်ဆိုင်ရာ နိုင်ငံအကြီးအကဲများနှင့်ပြည်သူများအတွက် ဆုမွန်ကောင်းများပို့သအပ်ပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၏ကိုယ်စား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် အင်ဒိုနီးရှားနိုင်ငံမှ ဗီယက်နမ်နိုင်ငံဆိုင်ရာအင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးက သမ္မတ Vo Van Thuong အား ဗီယက်နမ်ကွန်မြူနစ်ပါတီမှ ရွေးကောက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် သမ္မတရာထူးရရှိခဲ့မှုအတွက် ဝမ်းမြောက်ကြောင်းနှင့် အာဆီယံအတွက် ဗီယက်နမ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများနှင့် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များကိုပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong မှလည်း အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများတွင် အာဆီယံနိုင်ငံသံအမတ်ကြီးများမှာ အဓိက ပေါင်းကူးတံတားဖြစ်ကြောင်း၊ သို့ဖြစ်၍ သံအမတ်ကြီးများအနေဖြင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ပါဝင်လုပ်ကိုင်သွားကြပါရန် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။


