(၆-၂-၂၀၂၅ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Ms. Kirstine Damkjaer အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် UNOPS က မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ မြန်မာနိုင်ငံနှင့် UNOPS တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ UNOPS ၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Sanjay Mathur ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

