ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ မြန်မာသံရုံးမှ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းသည် ၁၁-၈-၂၀၂၃ ရက် (၀၉:၀၀) နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းသို့ သွားရောက်၍ အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chu Cong Phung နှင့် ၎င်း၏ရုံးမှကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးမှ ယခုလိုလာရောက်တွေ့ဆုံရသည့် အကြောင်း ရင်း ၃ ချက်ရှိပါကြောင်း၊ ပထမအချက်မှာ မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေမှန်များအား ရှင်းလင်းပြောကြားလိုပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေအနေနှင့် အညီတာဝန်ယူထိန်းသိမ်းခဲ့ရပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြား၍ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနှင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကို မြန်မာနိုင်ငံ၏ အကျိုး စီးပွားရေးအပေါ် ရပ်တည်အခြေခံလျက် နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် အညီ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်ပြီး မြန်မာသံအမတ်ကြီးမှ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားရန်ကိစ္စ ရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ် – မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု တိုးမြှင့် ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဗီယက်နမ်ကုမ္ပဏီများ ကြုံတွေ့ ရသော အခက်အခဲများ၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်ရန်အတွက် ရှေ့ဆောင် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြောင်း သိရှိရပါသည်။



