[email protected] (84) (24) 3845 3369, 3823 2056
(၁၄-၆-၂၀၂၄၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်မိန့်ခွန်းပြောကြားရာ၌ မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဆွေမျိုးပေါက်ဖော် ရင်းနှီးခင်မင်မှုနှင့် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်တွင် စတင်ထူထောင်ခဲ့သည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ဂုဏ်ပြုပြောကြားခဲ့သည်။ ထို့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဝါဒအပေါ် အခြေခံကာ ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးအား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုသို့ မြှင့်တင်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ် မျှဝေသောအနာဂါတ်အသိုက်အဝန်းသို့ ဆက်လက်တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်က တရုတ်နိုင်ငံ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများနှင့်အတူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကို အလေးပေးပြောကြားခဲ့ပြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၇) ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းများကို ထောက်ပံ့ပေးအပ်သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို “မြစ်တစ်စင်းနှင့် မျှဝေသောအနာဂါတ်” မဲခေါင်-လန်ချန်း စိတ်ဓါတ်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကလည်း အဖွင့်အမှာစကား ပြောကြားရာတွင် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ရင်းနှီးခင်မင်မှု၊ အပြန်အလှန် နားလည်လေးစားမှုနှင့် အကူအညီပေးမှုများကို ပြန်လည်အမှတ်ရပါကြောင်းနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မျှဝေသည့် အနာဂတ်အသိုက်အဝန်းတစ်ခုကို ပူးပေါင်းတည်ဆောက်ရာတွင် အရေးပါသောစင်္ကြံတစ်ခု ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူ များ၏ အကျိုးစီးပွားအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဆက်လက်၍ အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
အဆိုပါသဘောတူညီချက်အရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန (၆) ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်း (၁၂) ခုကို စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုသော အလေ့အထနှင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေးစသည့် နယ်ပယ်များ၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃၅) သန်းခန့် တန်ဖိုးရှိသော ကဏ္ဍပေါင်းစုံ စီမံကိန်း (၁၁၈) ခုကို လက်ခံရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)