[email protected] (84) (24) 3845 3369, 3823 2056
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့ Tolmachevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၁၂-၉-၂၀၂၃ ရက်၊ ညပိုင်းတွင်ရောက်ရှိခဲ့ရာ လေဆိပ်၌ နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
၁၃-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှ မော်စကိုမြို့သို့ ထွက်ခွာခဲ့ရာ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာသံရုံးဝန်ထမ်းများ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာနနှင့် တတိယအာရှရေးရာဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မော်စကိုမြို့၊ မြန်မာသံရုံးသို့သွားရောက်၍ သံအမတ်ကြီး ဦးလွင်ဦးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ပြီး မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၁၄-၉-၂၀၂၃ ရက်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံဆွေးနွေးပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး၊ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကာနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများဖွင့်လှစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် ဆောင်ရွက်ဆဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့်တိုးတက်စေရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏မူအရ ရပ်တည်ချက်၊ နားလည်မှုနှင့် ခိုင်မာစွာထောက်ခံမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ရုရှားနိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းခဲ့ခြင်းနှင့် ၉-၉-၂၀၂၃ ရက်တွင် မိုခါဆိုင်ကလုန်းသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများကို ပေးပို့ခဲ့ခြင်းတို့အတွက် မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါနေ့လယ်စာစားပွဲ၌ သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် နှစ်ဖက်စိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့မှ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ ထွက်ခွာခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)