[email protected] (84) (24) 3845 3369, 3823 2056
(၁၆-၇-၂၀၂၃ ရက်၊ နေပြည်တော်)
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေး ကိုမာဆစ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေးကိုမာဆစ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရ၏ အကြီးတန်းအကြံပေး ဒေါက်တာ ဆုတ်ခ်စီဖားနား၊ ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာ မွတ်(ဒ်)ဝီနိုင်း တို့ အစည်းအဝေးသို့ လူကိုယ်တိုင်တက်ရောက်ခဲ့ကြကာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်းက ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးများသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အမြန်လမ်း စီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ အလားတူ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အစီအစဉ်များအပေါ် အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။
အစည်းအဝေး၌ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များ၌ ဦးဆောင်နိုင်ငံထားရှိမည့်စနစ်ကို အကောင်အထည်ဖော်သွားရေးနှင့် မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်သွားရေးတို့ကို သဘောတူညီခဲ့ကြသည်။ အစည်းအဝေးရလဒ်အဖြစ် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆက်လက် ဆောင်ရွက်ကြမည်ဖြစ်သည်။
(၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အမြဲတမ်း ပူးတွဲဥက္ကဋ္ဌဖြစ်သည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ က မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင် ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံ နှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရပါသည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)