ဗီယက်နမ်နိုင်ငံ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးစိုးကိုကိုသည် ၃-၄-၂၀၂၄ ရက်နေ့ နံနက် ၀၈:၅၅ နာရီအချိန်တွင် ဟနွိုင်းမြို့နိုင်ငံတကာကုန်စည်ပြပွဲဗဟိုဌာန (ICE) တွင် ကျင်းပသည့် (၃၃) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာ ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြပွဲကို ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဗီယက်နမ်ကုန်သွယ်ရေးမြှင့်တင်ရေးအေဂျင်စီ (VIETRADE) မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Nguyen Hong Dien နှင့်အတူ အစိုးရအဖွဲ့ဝင်များ ၊ ဗီယက်နမ်နိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံး အသီးသီးမှ သံအမတ်ကြီးများ၊ ကုန်သွယ်ရေးဆိုင်ရာ အကြံပေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကိုသည် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ပြခန်းခင်းကျင်းပြသထားသည့်နေရာသို့လှည့်လည် ကြည်ရှုခဲ့ ကြောင်းသိရှိရပါသည်။
ပြပွဲသို့ မြန်မာနိုင်ငံမှ 1-2-1 Public Co.,Ltd ၊ New A1 Family Co.,Ltd ၊ Golden Myanmar Honey Co.,Ltd နှင့် Shwe Zee Kwat Food Manufacturing & International Export Co.,Ltd တို့ပါဝင်ပြသခဲ့ပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း (၁၆)နိုင်ငံကျော်မှ စီးပွားရေး လုပ်ငန်း (၄၈၀) ကျော်မှ ပါဝင်ပြသခဲ့ပါသည်။ (၄)ရက်တာ ကျင်းပသွားမည့် (၃၃) ကြိမ်မြောက် ဗီယက်နမ် ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၆၀၀ နီးပါး ပါဝင်ပြီး လာရောက်ကြည့်ရှုသူ ၂၀,၀၀၀ နီးပါး ရှိမည်ဟု သိရှိရပါသည်။



