(၂၆-၂-၂၀၂၄ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ ကြီးမှူး၍ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နိုင်ငံရေးရာဦးစီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီး ဌာနများမှ အရာထမ်းနှင့်အမှုထမ်းဝန်ထမ်းများ တက်ရောက်သည့် ဝန်ထမ်းများတွေ့ဆုံပွဲနှင့် ဆွေးနွေးပွဲကို ၂၆-၂-၂၀၂၄ ရက်၊ ၁၅၀၀ နာရီတွင် လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန အကျိုးအတွက် လုပ်ငန်းများလည်ပတ်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနှင့် ကွပ်ကဲမှုသည် အရေးကြီးပါကြောင်း၊ စီမံခန့်ခွဲမှုကောင်းမှသာ မူဝါဒချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မျှတမှု၊ မှန်ကန်မှု ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုလားချက်များအား သိရှိရပါက ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း များသည် နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းရန်၊ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် အချိန်ကို အကျိုးရှိစွာ အသုံးပြုရန်၊ တစ်ပါးသူများအား ကူညီရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ မှန်မှန်နှင့် မြန်မြန် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် လုပ်ငန်းခွင်တွင် ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်ရန်လည်း လိုအပ်ကြောင်း၊ အဓိက အနေဖြင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ ပျော်ရွှင်စွာ လုပ်ငန်းတာဝန်များကို ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော ဌာနများအလိုက် ဝန်ထမ်းများက လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြခဲ့ကြပါသည်။ ဝန်ထမ်းများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

