(၂၁-၂-၂၀၂၄ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကို အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၀၉:၄၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အထူးသဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍများအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆု ပိုမိုပေးအပ်ရေးအစီအစဉ်များ တိုးမြှင့်ဖော်ဆောင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ အစိုးရများအကြား ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းတို့၏ အရေးပါမှုကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

