(၅-၁၀-၂၀၂၃ ရက်၊ နေပြည်တော်)
အာဆီယံမဏ္ဍိုင် (၃) ရပ်ဖြစ်သော အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်တို့၏ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၅-၁၀-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ ဦးဆောင်ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ကျေနပ်အားရမိကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၌ မိမိတို့၏ သက်ဆိုင်ရာအမျိုးသားစီမံကိန်းများနှင့် ကိုက်ညီစွာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဒုတိယဝန်ကြီးက လာမည့် ၂၀၂၄ ခုနှစ်တွင် အာဆီယံ၌ မြန်မာနိုင်ငံမှ ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာများ၊ စိန်ခေါ်မှုများအပေါ် သုံးသပ်ဆွေးနွေးပြောကြားကာ အစည်းအဝေးတက်ရောက်လာသူများမှ မိမိတို့၏အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ကြရန် တိုက်တွန်းခဲ့ပါသည်။
ထို့နောက် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-ACV) ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် က “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်းအား အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး၊ ရှေ့ကာလ၌ ယင်းစာတမ်း၏ ဆက်စပ်စာတမ်း/ မဟာဗျူဟာအစီအစဉ်များ ဆက်လက်ရေးဆွဲရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ချိတ်ဆက်ကာ သက်ဆိုင်ရာအာဆီယံမဏ္ဍိုင်အလိုက် ဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက်တွင် အစည်းအဝေးတက်ရောက်လာသည့် အာဆီယံမဏ္ဍိုင် (၃) ရပ်အောက်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်စားလှယ်များမှ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကအာဆီယံ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ ၎င်းတို့၏ သက်ဆိုင်ရာမဏ္ဍိုင်အသီးသီးအောက်မှ ဆောင်ရွက်လျက်ရှိသည့်အစီအစဉ်များနှင့် အနာဂတ်အာဆီယံအလားအလာအပေါ် အမြင်ချင်းဖလှယ်သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ညှိနှိုင်းအစည်းအဝေးသို့ မဏ္ဍိုင် (၃) ရပ်အောက်ရှိ ဝန်ကြီးဌာန စုစုပေါင်း (၁၀)ခုမှကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

