အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်စာတမ်းရေးဆွဲမှုနှင့်စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင်(၃)ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပ (၂၀-၇-၂၀၂၃ ရက်)

(၂၀-၇-၂၀၂၃ ရက်၊ နေပြည်တော်)

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင်(၃)ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ၂၀-၇-၂၀၂၃ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှ အဖွင့် အမှာစကားပြောကြားရာတွင် အာဆီယံအသိုက်အဝန်း‌ ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲ ရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များ၏ တိုးတက်မှုကို ကျေနပ်အားရကြောင်းပြောကြားခဲ့ပြီး၊ ဝန်ကြီးဌာနကိုယ်စားလှယ်များ အနေဖြင့် သက်ဆိုင်ရာကဏ္ဍများတွင် ကြုံတွေ့နေရသည့် လက်ရှိစိန်ခေါ်မှုများနှင့် အနာဂတ် စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်းထားရန်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို အဆိုပြု ဆွေးနွေးကြရန် တိုက်တွန်းခဲ့ပါသည်။ ဆက်လက်ပြီး အာဆီယံ အနာဂတ် မျှော်မှန်းချက်ကို ဆွေးနွေးရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမျိုးသားစီမံကိန်းများနှင့် ကိုက်ညီစွာ ထည့်သွင်းဆွေးနွေးခြင်းဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှ အမျိုးသားအကျိုးစီးပွားကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (HLTF-ACV) မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် က အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ နောက်ခံသမိုင်း၊ လုပ်ငန်းစဉ်၊ ဖြစ်ပေါ်တိုးတက်မှု၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံ မျှော်မှန်းချက် ၂၀၄၅ စာတမ်းမူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးမှုအခြေအနေများ နှင့်စိန်ခေါ်မှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် အာဆီယံမဏ္ဍိုင် (၃) ရပ် အောက်ရှိ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်မျှော်မှန်းချက်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဝန်ကြီးဌာန စုစုပေါင်း (၂၇) ခုမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

20230721 06

20230721 06

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့