
(၁၇-၇-၂၀၂၃ ရက်၊ နေပြည်တော်)
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန် နှင့် ဒေသစံတော်ချိန် (၁၆၃၀) နာရီတွင်လည်းကောင်း၊ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အလီ ဆာဘရီနှင့် ဒေသစံတော်ချိန် (၁၇၁၅) နာရီတွင်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အထူးသဖြင့် ပညာရေး၊ သတင်းအချက်အလက်နည်းပညာ၊ ငွေကြေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။



