
(၂၈-၆-၂၀၂၃ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၈-၆-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအသင်းအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မှု များအတွက် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေခြင်း အပေါ် ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားခဲ့ပါသည်။ ယင်းနောက် နှစ်နိုင်ငံအပြန်အလှန်ခရီးစဉ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် လျှပ်စစ်၊ စွမ်းအင်၊ သတ္တု၊ စက်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် ငွေရေးကြေးရေး ကဏ္ဍများ အပါအဝင် မဟာဗျူဟာမြောက် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် ရုရှားနိုင်ငံ၌ ကျင်းပသည့် ပြပွဲများနှင့် ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
*********************
