(၂၂-၆-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ရန်ကုန်မြို့၊ အင်ဒိုနီးရှားနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Dicky Komar အား ၂၂-၆-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အင်ဒိုနီးနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ပိုမိုတိုးမြှင့်ခိုင်မာစေရေး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြပြီး၊ အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မှု၊ မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ အခက်အခဲ ကြုံတွေ့နေကြသည့် အင်ဒိုနီးရှားနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးကိစ္စများ၊ အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း အမြဲတမ်းအတွင်းဝန်က သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံ၏ တူညီဆန္ဒ(၅)ရပ်ကို အကောင်အထည်ဖော်ဆောင် နေမှုနှင့် ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ရပ်များကြောင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

