နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ (၂၇) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးပွဲသို့ တက်ရောက်(၁၆-၅-၂၀၂၃ ရက်)

(ဗီယက်နမ်နိုင်ငံ၊ ဟလောင်မြို့၊ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့)

ဗီယက်နမ်နိုင်ငံ၊ ဟလောင်မြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်အရာရှိကြီး ဦးချမ်းအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကိုရီးယားသမ္မတ နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ-ကိုရီးယားထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် မိတ်ဖက်ပြုရေးတို့အတွက် ပူးတွဲသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရန် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အောက်တွင် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ ဆက်လက်၍ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အာဆီယံ-ကိုရီးယားစည်းလုံးညီညွတ်ရေး ဦးဆောင်ဦးရွက် ပြုမှုအား အကောင်အထည်ဖော်ခြင်း၊ ၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဘက် ဆက်ဆံရေး (၃၅) နှစ်ပြည့်အထိမ်းအမှတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံ၌ ကိုရီးယားနေ့အဖြစ် အခမ်းအနားကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်ခြင်း အစရှိ သည့် အဓိကအချက် (၃) ချက်ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ ခေါင်းစဉ်အောက်တွင် အစည်းအဝေးတက်ရောက်လာကြသူများမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးမှ ဒေသတွင်း ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကပ်ရောဂါနှင့် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ဒေသတွင်း ကြံ့ကြံ့ခံနိုင်ရေး ရှိရင်းစွဲယန္တရားများကို အသုံးပြု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ပါ သည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးက ကျန်းမာရေးမူဝါဒနည်းစနစ်များတွင် အလုံးစုံသော ကျန်းမာရေးစောင့်‌ရှောက်မှု (Universal Health Coverage-UHC) သည် အရေး ကြီးပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အဆင့် မြှင့်တင်နိုင်ရန်နှင့် တူညီသော မျှော်မှန်းချက်များ ပြည့်မီစေရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ဆက်လက်ကူညီပံ့ပိုးပေးစေလိုပါကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် ကိုရီးယား- အာဆီယံ ပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှုသည် အလုံးစုံသော လုံခြုံရေးနှင့် သာယာဝပြော ရေးကို အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်သည့်အတွက် အဆိုပါဦးဆောင်ဦးရွက်ပြုမှုအား ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားတိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်းမုန်တိုင်း မိုခါ၏ ဘေးအန္တရာယ်ကို ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ရှိပြီး ဖြစ်သည့် အရင်းအမြစ်များကို အသုံးပြုလျက် ပြည်သူများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးရေးနှင့် ကူညီကယ်ဆယ်ရေး အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူသားချင်း စာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်နေသူများထံ ဖြန့်ဖြူးပေးနိုင်ရေး ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

20230522 01

20230522 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့