(၂၁-၃-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစတာဗို ရော်ချာ ဒီ မင်နင်းဇီးစ် ကို ၂၁-၃-၂၀၂၅ ရက် ၁၁:၀၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ်နိုင်ငံရေးရာဆွေးနွေးပွဲရလာဒ်များ၊ မြန်မာ နိုင်ငံနှင့်ဘရာဇီးလ်နိုင်ငံတို့အကြား ဖွံ့ဖြိုးဆဲနိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှု (South-South Cooperation) အောက်တွင် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အရ မြန်မာနိုင်ငံ၌ မြွေဆိပ်ဖြေဆေးအရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များ တိုးမြှင့်နိုင်ရေး အပါအဝင် ဘရာဇီးလ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံကောင်စစ်ရေးရာကိစ္စရပ်များ ကို အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် BRICS အဖွဲ့၊ ဆင်းရဲနွမ်းပါးမှုနှင့်ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

