(၁၃-၁၂-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)၊ နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဆင်းပွဲအခမ်းအနား များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်(သောကြာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌လည်းကောင်း တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးမှ ရန်ကုန်မြို့၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ဆရာမကြီးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ ကြပါသည်။ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီး ဌာန(နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တို့တွင် တန်းခွဲနှစ်ခုဖြင့် ၂၃-၉-၂၀၂၄ ရက်နေ့မှ ၁၃-၁၂-၂၀၂၄ ရက်နေ့အထိ ရက်သတ္တ(၁၂)ပတ်ကြာဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ အစိုးရအဖွဲ့ အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း(၂၁၆)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ မျက်မှောက်ခေတ်နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ စီးပွားရေးနှင့် အထွေထွေဗဟုသုတဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။





