
(၂၇-၉-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ (၁၁၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သမိုင်းကြောင်းစဉ်လာအရ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိ သည့် ပေါင်းစည်းဆက်နွှယ်မှု စီမံကိန်းများအပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိမည့် ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အမြဲတမ်းအတွင်းဝန်သည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းအသိပေးခဲ့သည်။
