(၁၃-၈-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းမိသားစုများက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာ ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပြီး တရားသောစစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် ရှေ့တန်းရောက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာ၊ မေတ္တာအပြည့်ဖြင့် လှူဒါန်းသည့် ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ငါးပိထောင်း၊ ငါးသေတ္တာ၊ ငါးနီတူ ခြောက်ကြော်၊ ငါးကြင်းကြော်ဗူး၊ ငါးဆုပ်ဟင်းဗူး၊ ကြက်သားနှပ်ဗူး၊ ဘာလချောင်ကြော်၊ လက်ဖက် ချဉ်စပ်၊ ကုလားပဲနှပ်၊ ဆေးပေါ့လိပ်၊ မြေပဲပွ၊ မြေပဲဆံလှော်နှင့် အားဖြည့်အချိုရည်များ ပြင်ဆင် ထုပ်ပိုးနေမှုများကို ယနေ့မွန်းလွဲပိုင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲတို့ က လိုက်လံကြည့်ရှုအားပေးကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် စားသောက်ဖွယ်ရာများအား ရှေ့တန်းရောက် တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးနိုင်ရေး နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ၂၀၀ သိန်းဖိုး ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။






