(၁၃-၈-၂၀၂၄ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြား ရေးဝန်ကြီးဌာန ဦးသန်းဆွေထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စမာကျားက ၁၃-၈-၂၀၂၄ ရက် (၁၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ၎င်း၏သံအမတ်ကြီး ခန့်အပ်လွှာ မိတ္တူကို ပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့အပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

