(၃၁-၇-၂၀၂၄ ရက်၊ တီဟီရန်မြို့)
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် ၏ဖိတ်ကြားချက်အရ အီရန်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် တီဟီရန်မြို့ရှိ အီရန်လွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား မစတင်မီ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် အခြား သော ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ ပါဝင်ခဲ့သည်။
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ နိုင်ငံပေါင်း (၈၀) ကျော် မှ နိုင်ငံ့အကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ အစီအစဉ်အရ အီရန် လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အီရန် တရားသူကြီးချုပ် မစ္စတာ မိုဆယ်နီ အီဂျဲ က မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့နောက် အီရန်သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကာ၊ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ဆက်လက်၍ အီရန် လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် က အပိတ်မိန့်ခွန်း ပြောကြားပြီးနောက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ပြီးဆုံးခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတွင် အီရန်သမ္မတ မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် က တည့်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အခြားသောနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ နှင့်အတူ တက်ရောက်ခဲ့သည်။
အီရန်နိုင်ငံသို့ရောက်ရှိစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို အခမ်းအနား တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ထည့်သွင်း ဆွေးနွေး ပြောကြားခဲ့သည်။
တီဟီရန်မြို့၌ ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့သည်။
ခရီးစဉ်အတွင်း အိမ်ရှင်အီရန်အစိုးရက ကိုယ်စားလှယ်အဖွဲ့များအား တီဟီရန်မြို့ရှိ အီရန် အမျိုးသားပြတိုက် နှင့် အီရန်ရှေးဟောင်းသုတေသနနှင့်အနုပညာပြတိုက် တို့သို့ ပို့ဆောင်ပြသ ပေးခဲ့သည်။
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် အား ၁၉၅၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် နှလုံးခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ကျန်းမာရေးဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေး ဝန်ကြီး အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ရာထူးတာဝန်အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။










