ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် နယူးဒေလီမြို့၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံ (၂၆-၆-၂၀၂၄ ရက်)

(၂၆-၆-၂၀၂၄ ရက်၊ နယူးဒေလီ)

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ (၁၉) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ခရီးစဉ်ဒုတိယပိုင်းအဖြစ် ၂၅-၆-၂၀၂၄ ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ၂၆-၆-၂၀၂၄ ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ပါသည်။ နယူးဒေလီမြို့သို့ ရောက်ရှိစဉ်အတွင်း မြန်မာသံရုံး၊ နယူးဒေလီမြို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ လိုက်ပါလျက် ၂၆-၆-၂၀၂၄ ရက် ဒေသစံတော်ချိန် ၁၅၃၀ နာရီတွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနှင့် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံသီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက် ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ တိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီနှင့် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီး စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးနှင့်တွေ့ဆုံစဉ် ပြည်ပရေးရာဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၇-၆-၂၀၂၄ ရက် (ကြာသပတေးနေ့)၊ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

20240704 15

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့