(၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်း၊ နီပေါနှင့် ကာတာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တီဟီရန်မြို့၌ သီးခြားစီတွေ့ဆုံ (၂၄-၆-၂၀၂၄ ရက်)

(၂၄-၆-၂၀၂၄ ရက်၊ တီဟီရန်)

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် တီဟီရန်မြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက် ဒေသစံတော်ချိန် ၀၈၀၀ နာရီတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa နှင့်လည်းကောင်း၊ ၁၅၃၀ နာရီတွင် နီပေါနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Narayan Kaji Shrestha Prakash နှင့်လည်းကောင်း၊ ၁၆၃၀ နာရီတွင် ကာတာနိုင်ငံ State Minister of Foreign Affairs Mr. Soltan Saad S. K. Al-Moraikhi နှင့်လည်းကောင်း တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ သီးခြားစီ တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အေစီဒီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်း ထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ အရေးပါသည့်အခန်းကဏ္ဍအပေါ် ကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နီပေါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနှင့် နီပေါနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ကာတာ State Minister of Foreign Affairs နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20240624 09

20240624 09

20240624 09

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့