(၁၀-၆-၂၀၂၄ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ မူတာ့ဇ် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးမှ သံအမတ်ကြီးအား ပထမဦးဆုံး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ယူအေအီးနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာ-ယူအေအီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ စေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

