
(၈-၁၀-၂၀၂၄ ရက်၊ ဗီယင်ကျန်း)
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၈-၁၀-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် (၃၅) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများတွင် (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများနှင့် သက်ဆိုင်သည့်အုပ်ချုပ်မှုနှင့် ဘာသာရပ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ကဏ္ဍအသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းလမ်းပြမြေပုံ (၂၀၂၅) အား အကောင်အထည်ဆောင်ရွက်နေမှုများ၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) နှင့် ဆက်စပ်ရေးဆွဲလျက်ရှိသည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးမဟာဗျူဟာစီမံချက်ရေးဆွဲမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ဦးစားပေးနယ်ပယ်များနှင့် အာဆီယံအသိုက်အဝန်းထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ထောက်ခံပြီး အဖွဲ့ဝင်ကောင်းပီသစွာဖြင့်အာဆီယံနိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
(၃၅) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးတွင် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် အလှည့်ကျတာဝန် ထမ်းဆောင်ရမည့်မြန်မာနိုင်ငံမှ အငြိမ်းစားသံအမတ်ကြီး ဦးစံလွင်အားခန့်အပ်ရန် အတည်ပြုခဲ့ကြပါသည်။
*****************************
