(၁၈-၃-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ခဲ့သည့် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၁၃၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ကျင်းပခဲ့ရာ ဒုတိယဝန်ကြီး၊ ဦးလွင်ဦးတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၅) ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၇-၂-၂၀၂၅ ရက်နေ့မှ ၁၈-၃-၂၀၂၅ ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသစ်ခန့်အပ် လိုက်သည့် အမှုထမ်းငယ် စုစုပေါင်း(၃၈)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သံတမန်ရေးရာများ၊ နိုင်ငံခြားရေးရာမူဝါဒများ၊ နှစ်နိုင်ငံဆက်ဆံရေးများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ ကောင်စစ်ရေးရာနှင့် နယ်နိမိတ်ရေးရာကိစ္စရပ်များ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံစည်းမျဉ်းများနှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကို ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



