(၃၀-၆-၂၀၂၃ ရက်၊ နေပြည်တော်)
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်း ကော်မတီ တစ်ရပ် ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေး ကို ၃၀-၆-၂၀၂၃ ရက်၊ ၁၃:၀၀ နာရီတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထိရောက်စွာ နိုင်ငံတကာအကူအညီပေးအပ်ရေးအတွက် သက်ဆိုင်သူများ အကြား ပေါင်းစပ်ညှိနှိုင်းရန် နည်းလမ်းရှာဖွေရေးအတွက် ဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း အဓိကဆွေးနွေးပြောကြားခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် တုံ့ပြန်ဆောင်ရွက်မှုများသည် အစိုးရတစ်ရပ်လုံး/လူမှုအဖွဲ့အစည်းတစ်ရပ်လုံးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စကို ဆွေးနွေးပြောကြားခဲ့သည်။
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မုန်တိုင်းဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မုန်တိုင်းသင့်ဒေသများတွင် လက်တွေ့ကျသည့် နည်းလမ်းဖြင့် အဖြေရှာ၍ တုံ့ပြန်ဆောင်ရွက်ရန် အရေးကြီးကြောင်းကို အလေးပေး ဆွေးနွေး ပြောကြားခဲ့သည်။
ထို့အပြင် ကော်မတီဝင်များက မုန်တိုင်းသင့် ပြည်သူများအတွက် ထိရောက်စွာ အကူအညီပေးရေး ပေါင်းစပ်ညှိနှိုင်းနိုင်မှုအခြေအနေများအပေါ် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

