(၂-၅-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
ခရီးစဉ်အတွင်း မေလ ၂ ရက် (၁၈၄၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း တို့ ဦးဆောင်၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
နှစ်နိုင်ငံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား အကောင်အထည် ဖော်လျက်ရှိသည့် စီမံကိန်းများနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။



