မြန်မာနိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ချမှတ်သည့် အဆိုကိုထပ်လောင်းကန့်ကွက်

(၁၇-၁၂-၂၀၂၁ ရက်၊ နေပြည်တော်)

ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် လုံးဝပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၉-၁၁-၂၀၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့မှုကို ပြန်လည်ရည်ညွှန်းအပ်သည်။ ၁၆-၁၂-၂၀၂၁ ရက်တွင် ကျင်းပခဲ့သည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းကန့်ကွက်သည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းအဆိုမူကြမ်းကိုမဲခွဲရန် တောင်းဆိုလေ့ရှိခဲ့သော်လည်း ယခုနှစ်တွင် မဲမခွဲဘဲ အတည်ပြုခဲ့ခြင်းမှာ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသူက ကုလသမဂ္ဂတွင် မမှန်မကန် ကိုယ်စားပြုနေခြင်းကြောင့် ဖြစ်သည်။ ၎င်း၏ နိုင်ငံတော်အပေါ် သစ္စာဖောက်သောလုပ်ရပ်သည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်။

လူ့အခွင့်အရေးကိစ္စရပ်များကို စဉ်းစားသုံးသပ်ရာတွင် နိုင်ငံအားလုံး တစ်ပြေးညီကျင့်သုံးရေး၊ သမာသမတ်ကျရေး၊ နိုင်ငံတစ်နိုင်ငံတည်းကိုရွေးချယ်ပစ်မှတ်မထားရေးစသည့် ကုလသမဂ္ဂအခြေခံမူများကို ဆန့်ကျင်၍ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ချမှတ်သည့် ဆုံးဖြတ်ချက်အဆိုများကို မြန်မာနိုင်ငံကအစဉ်တစိုက် ဆန့်ကျင်သည်။ ယင်းကဲ့သို့ ဆုံးဖြတ်ချက်အဆိုများကို ရေးဆွဲပြီး ဆွေးနွေးပွဲများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ချို့ယွင်းမှုများရှိကြောင်း တွေ့ရှိရသည်။ ယခုဆုံးဖြတ်ချက် အဆိုတွင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း၌ မည်သည့်အခါကမျှ မရှိခဲ့ဘဲ ပြည်သူများက အသိအမှတ်မပြုသည့် “ရိုဟင်ဂျာ” ဆိုသောအသုံးအနှုန်းအပါအဝင် လိုရာပုံသွင်း၍ မှားယွင်းသည့် အကြောင်းအရာများနှင့် ပြည့်နှက်နေသည်မှာ လက်မခံနိုင်ဖွယ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံက ယင်းဆုံးဖြတ်ချက် အဆိုကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်သည်။

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့