(၁၄-၇-၂၀၂၃ ရက်၊ ရန်ကုန်)
မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အောက်မှ မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ်ကို ၁၄-၇-၂၀၂၃ ရက်တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့ရှိ သက်ဆိုင်ရာအသိပညာရှင်အဖွဲ့အစည်းများမှ ပါမောက္ခများနှင့် သုတေသီများ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင်းက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌက အမှာစကား ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးခေါင်းစဉ်အောက်မှ အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှု တို့ဖြင့် ဆက်စပ်နေသည့် လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ စားနပ်ရိက္ခာလုံခြုံမှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး စသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများ နှင့် အစီအမံများ ပေါ်ထွက်လာရေးကို ရှေးရှု၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။






