(၂၂-၂-၂၀၂၅ရက်၊နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆတ်ငီယမ်ဖုန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့ပါသည်။
ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆတ်ငီယမ်ဖုန်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံကာ မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို Jasmine Nay Pyi Taw Hotel ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရေး၊ အထူးသဖြင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက် ရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုစသည့် တရား မဝင် လုပ်ငန်းများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆတ်ငီယမ်ဖုန် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။
ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၁-၂-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမျှော်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် ထိုင်းကိုယ်စားလှယ်အဖွဲ့အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။


