(၃၀-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်အား ၃၀-၁၀-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၃ဝဝ နာရီအချိန်တွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများ၊ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အစရှိသည့် ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


