ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ(၁၄-၈-၂၀၂၄ ရက်)
(၁၄-၈-၂၀၂၄ ရက်၊နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးသန်းဆွေသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ၁၄-၈-၂၀၂၄ ရက်၊ (၁၉၁၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘော ဆောင်သည့် ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့်အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်သည် တရုတ် နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် တရုတ်ကိုယ်စားလှယ် အဖွဲ့အား Horizon Lake View ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည်ခံခဲ့သည်။

