နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲတက်ရောက် (၃၁-၁-၂၀၂၅ ရက်)

(၃၁-၁-၂၀၂၅ ရက် ၊ ဘရာဇီးလျား)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဘရာဇီးလ်နိုင်ငံ၊ ဘရာဇီးလျားမြို့၊ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန Ruy Barbosa Room ၊ Palacio Itamaraty ၌ ကျင်းပပြုလုပ်သည့် ဒုတိယဝန်ကြီးအဆင့် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများအတွက် နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကဏ္ဍနှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ အာဆီယံတူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဘရာဇီးလ်နိုင်ငံမှ ၂၀၂၅ ခုနှစ်၊ ဘဲယ်လမ်မြို့၌ ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံ (COP30) ကျင်းပရန်ပြင်ဆင်နေမှုနှင့် BRICS အဖွဲ့နှင့်သက်ဆိုင်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ အလားအလာများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အခြားသော နှစ်နိုင်ငံဘုံ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

ဆွေးနွေးပွဲအပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးလ်ကိုယ်စားလှယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အပြန်အလှန် အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ခဲ့ကြပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စ မာရီယာ လော်ရာ ဒါ ရော်ချာ က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ယင်းနေ့ နေ့လယ်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ဘရာဇီးလျားမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သံရုံးဝန်ထမ်းများအား တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ဘရာဇီးလျားမြို့၊ အစိုးရ၏ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ မစ္စတာ ပါကို ဘရစ်တို နှင့်လည်းကောင်း၊ ဘရာဇီးလ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူး မစ္စ မာရီယာ လွီဇာ ဟီဘေးရိုး လိုးပက်စ် ဒါ ဆီ(လ်)ဗာ နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံသံတမန်မြေ အပြန်အလှန်လဲလှယ်ရေး၊ မြန်မာအစိုးရနှင့် ဘရာဇီးလ်ဖယ်ဒရယ်အစိုးရအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု (South -South Cooperation) အောက်တွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အရ မြန်မာနိုင်ငံ၌ မြွေဆိပ်ဖြေဆေး အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များ တိုးမြှင့်နိုင်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20250204 12

20250204 12

20250204 12

20250204 12

20250204 12

20250204 12

20250204 12

20250204 12

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့