( ၂၆-၇-၂၀၂၄ ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန မိသားစု၏ (၁၉) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၆-၇-၂၀၂၄ ရက် (သောကြာနေ့) နံနက် (၆:၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဇနီး၊ သံအမတ်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဇနီးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ နှင့် သံဃာတော်များအား အခမ်းအနားတက်ရောက်လာကြသူများက အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး သံဃာတော်အရှင် သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများမှ ဝါဆိုသင်္ကန်းနှင့် လှူဒါန်းငွေ စုစုပေါင်း (၃,၆၅၅,၀၀၀/-) ကျပ်တို့အား လှူဒါန်းခဲ့ကြပါသည်။





