နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးမှ မြန်မာနိုင်ငံသို့ မိတ်ဆက်ခရီးစဉ် လာရောက်လျက်ရှိသော ဘင်းမ်စတက်အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာ မာနီ ပန်ဒေး အား လက်ခံတွေ့ဆုံ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)

(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံသို့ မိတ်ဆက်ခရီး စဉ်လာရောက်လျက်ရှိသော ဘင်းမ်စတက်အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာ မာနီ ပန်ဒေးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုယန္တရားများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အလားတူ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၏ အရေးကြီးမှုကိုလည်း အလေးထားဆွေးနွေးခဲ့သည်။ ထို့ပြင် ဘင်းမ်စတက် အနာဂတ်ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြား ပညာရှင်များအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဘင်းမ်စတက်၏ ပင်မနှင့် ကဏ္ဍအလိုက် အစည်းအဝေးများကို ပုံမှန် ကျင်းပသွားရေး တို့အပေါ် ထည့်သွင်းဆွေးနွေးခဲ့သည်။ ဒုတိယဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘင်းမ်စတက်ဌာနခွဲ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်းမ်စတက်ညှိနှိုင်းရေးဌာန (BIMSTEC National Focal Point of Myanmar) အဖြစ် တာဝန်ယူလျက်ရှိပါကြောင်းနှင့် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့ လျင်မြန်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးလွင်ဦးမှ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ သံအမတ်ကြီး အင်ဒရာ မာနီ ပန်ဒေးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဘင်းမ်စတက်၏ (၄) ဦးမြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အတွင်းရေးမှူးချုပ်သည် အခြားသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများသို့လည်း မိတ်ဆက်ခရီးစဉ်များ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation – BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စသည့် အဖွဲ့ဝင် (၇) နိုင်ငံ ပါဝင်သည်။ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၇) ခုရှိသည့်အနက် မြန်မာနိုင်ငံသည် ဘင်းမ်စတက် “လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်

20240730 10

20240730 10

20240730 10

20240730 10

20240730 10

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့