နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ (၁၅-၃-၂၀၂၄ ရက်)

(၁၅-၃-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတို့ကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ဖိတ်ကြားထားသူများ၊ ခေတ္တ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် နိုင်ငံခြားရေးဌာန (Foreign Affairs Department) စတင်တည်ထောင်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်သောနေ့အဖြစ်သတ်မှတ်ခဲ့ရာ (၇၇) နှစ်မြောက် နှစ်ပတ်လည်အခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သက်တမ်းသည် (၇၇) နှစ်ရှိပြီဟု ဆိုသော်လည်း မြန်မာတို့၏ နိုင်ငံတကာဆက်ဆံရေးသမိုင်းသည် နှစ်ပေါင်း (၂၀၀၀) ကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ယနေ့မျက်မှောက်ခေတ်ကမ္ဘာတွင် နိုင်ငံအများဆုံးကျင့်သုံးနေသော ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကို ၁၉၅၄ ခုနှစ်တွင် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံက မူဝါဒစတင် ချမှတ်ခဲ့သည့်နိုင်ငံအဖြစ်လည်း အထူးဂုဏ်ယူရပါကြောင်း၊ ထိုမူဝါဒကိုအခြေခံပြီး ၁၉၅၅ ခုနှစ်တွင် ကျင်းပခဲ့သော ဘန်ဒေါင်းညီလာခံတွင် ဦးဆောင်ကျင်းပသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) ကို စတင်ဖွဲ့စည်းတည်ထောင်သော Founding member လည်းဖြစ်ခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံပေါင်း (၁၂၆) နိုင်ငံနှင့် သံတမန်အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများတွင် သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးဖွင့်လှစ်ကာ နိုင်ငံ့ဝန်ထမ်းသံတမန်များ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ (၇၇) နှစ်တာကာလတစ်လျှောက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသော သားကောင်းတမန်များကိုလည်း အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်း၊ အောင်မြင်သော သံတမန်များဖြစ်ရန် ရှေ့အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ကြ သောသံတမန်များ၏ ကောင်းမွန်သောအားသာချက်များကို လေ့လာသင်ယူသကဲ့သို့ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သောအရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင်ကြိုးစားကြရန် လိုကြောင်း၊ သံတမန်တစ်ဦး၏ အရေးကြီးဆုံးသောအရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များအနေဖြင့် Communication Skill ၊ Language Skill ၊ Negotiation Skill အရည်အသွေး များကိုအစဉ်လေ့ကျင့်၍ လေ့လာဆည်းပူးနေကြရန်လိုကြောင်း၊ မျှော်မြင် စဉ်းစားချင့်ချိန်နိုင်သည့် Strategic Thinking ၊ သတ္တိနှင့် ယုံကြည်မှု (Courage and Confidence) တို့ရှိရန်လည်း အရေးကြီးပါကြောင်း၊ သံတမန်များသည် ကြီးမားသောပြဿနာများကို အနည်းဆုံးအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းကြရသူ များဖြစ်သည့်အတွက် သတ္တိနှင့်ယုံကြည်မှုမရှိလျှင် ကျဆုံးသွားနိုင်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် အစဉ်အလာကောင်းများရှိသော မြန်မာသံတမန်လောကတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ရန် ဝင်ရောက်တာဝန် ထမ်းဆောင် နေကြသော နိုင်ငံ့ဝန်ထမ်းသံတမန်များအနေဖြင့် ဘိုးဘေးဘီဘင်များ စွမ်းဆောင်ခဲ့မှုကြောင့် တည်တံ့ခိုင်မြဲနေသော နိုင်ငံတော်ကြီးဆက်လက်တည်တံ့ ခိုင်မြဲရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် သစ္စာရှိရှိဖြင့်တာဝန်သိသိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်အပ် ပါကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဝန်ကြီး ဌာနတွင်း ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား အသီးသီးဆုများချီးမြှင့်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသည့် အနေဖြင့် ဝန်ထမ်းများအတွက် အထူးဆု (၇၇)ဆု (ဆုမဲကြီး ၁၀ ခု+ ရိုးရိုးဆု ၆၇ ဆု) အပါအဝင် ဗလာမပါ ကံစမ်းမဲများ မဲဖောက်ခြင်း တို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်၊ ခေတ္တအမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များက ဝန်ထမ်းများနှင့် အတူတကွ ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်နေစဉ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမျိုးသမီးငယ်များက ယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်း၊ ဝါသနာရှင်ဝန်ထမ်းများက ကာရာအိုကေ တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20240405 01

20240405 01

20240405 01

20240405 01

20240405 01

20240405 01

20240405 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့