(၁၃-၁၀-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများအတွက် ကုလသမဂ္ဂရုံးသုံးဘာသာစကားများဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ စပိန်ဘာသာစကားများနှင့် အခြားဘာသာစကားများဖြစ်ကြသည့် ထိုင်း၊ ကိုရီးယား၊ ဂျာမန်နှင့် ဂျပန်၊ အီတလီ စုစုပေါင်းဘာသာစကား(၁၀)မျိုး သင်တန်းများဖွင့်ပွဲအခမ်းအနားကို ၁၃-၁၀-၂၀၂၃ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဘာသာစကားသင်တန်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ၁၃-၁၀-၂၀၂၃ မှ စတင်၍ Online စနစ်ဖြင့်လည်းကောင်း၊ In-person စနစ်ဖြင့်လည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း/အမှုထမ်း စုစုပေါင်း (၁၉၄) ဦး တက်ရောက်ကြမည်ဖြစ်ရာ ဘာသာစကားအသီးသီးကို ကျွမ်းကျင်တတ်မြောက်နိုင်ရန်နှင့် ထိရောက်ပိုင်နိုင်စွာ အသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။





