(၂၃-၅-၂၀၂၃ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၅-၂၀၂၃ ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) သဘာဝဘေးဒဏ်နှင့် ပတ်သက်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ပနိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသူ များက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပြီး ပညာရှင်များ ရှုထောင့်မှ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှုပြုခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာ ရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင် အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


