(၁၇-၅-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရုံး (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Stephen Anderson အား ၁၇-၅-၂၀၂၃ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်က မြန်မာ နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၂၃) နှင့် စပ်လျဉ်းသည့် နားလည်မှုစာလွှာ လက်မှတ်ရေးထိုးပြီးစီးမှု အခြေအနေနှင့် WFP မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် WFP တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်စဉ် ကာလအတွင်း လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရနှင့် နီးကပ်စွာ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။


