
(၈-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၈-၁၀-၂၀၂၄ ရက် ၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာ ဝတီခန်းမ၌ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံလျက် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပသည်။
အဆိုပါရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ဖွံ့ဖြိုးမှုအကူအညီကိစ္စရပ်များအပါအဝင် ပူးပေါင်းဆောင်ရွက်ရာတွင် ကျင့်သုံးနေသည့် မူဝါဒများ နှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရေး ရှင်းလင်းပြောကြားသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို အကူအညီပေးရာတွင် အဓိကသက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ထိရောက်သည့်အကူအညီ ဖြစ်စေရန်၊ လုပ်ငန်းမထပ်စေရန် အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလှူရှင်ကိုယ်စားလှယ်များအနေဖြင့် ဖြန့်ဝေမှုကို လိုက်ပါလိုပါက အတူလိုက်ပါနိုင်ပါကြောင်း၊ တိုင်ဖွန်းမုန်တိုင်းရာဂီဒဏ်သင့်ဒေသများ၌ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံအခြေအနေမှန်များကို သမာသမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းသို့ အသိပေးစေလိုကြောင်း ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့်စပ်လျဉ်း၍ လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုရှိစေရန် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအား လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆောင်ရွက်နိုင်ပါရန်လည်း ဖိတ်ခေါ်ထားကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပါအဝင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါရှင်းလင်းပြောကြားမှုအစီအစဉ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
**************************************

