
(၁၉-၈-၂၀၂၄ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ၁၈-၈-၂၀၂၄ရက်၊ ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
ချင်းမိုင်မြို့တွင် ရောက်ရှိနေစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ညနေပိုင်းတွင် လာအို ပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ မစ္စတာ ဆလုံဆိုင်းခွန်မဆစ်နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် မြန်မာနှင့် လာအိုတို့ အကြား အစဉ်အလာအရ ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာအားကောင်းလာစေရေး၊ လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်နှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရေးအပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံ ပိုမိုနီး ကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင်ပြုလုပ်သည့် “တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ အလွတ်သဘောအစည်း အဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။
ယင်းအလွတ်သဘောအစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေး ရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်း ခွန်မဆစ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် မစ္စစ် အက်စီရီ ပင်တာရုချီ တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မြန်မာ-တရုတ်-ထိုင်း-လာအို လေးနိုင်ငံအကြား နယ်စပ်ဒေသတလျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမဝင် နယ်စပ် ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု စသည့် တရားမဝင်လုပ်ငန်းများကို ပူးပေါင်း တိုက်ဖျက်ရေးတို့တွင် လေးနိုင်ငံအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် အမြင်ချင်း ဖလှယ်ကတိပြုခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ ကိစ္စနှင့် ပတ်သက်၍ အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုးဆောင်ရွက်သွားနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အာဆီယံ၏ တူညီဆန္ဒ (၅)ချက်တို့ အပြန်အလှန် လိုက်လျောညီစွာ အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်မည့် အလားအလာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။



