(၁၀-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)
(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ၉-၁၂-၂၀၂၃ ရက်၊ (၁၇၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်းတို့သည် ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
ယင်းနေ့ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်းသည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။


