(၆-၉-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘေးအိအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ ၁၅:၃၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့်အလုပ်သမား၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ဘာသာစကားနှင့်ယဉ်ကျေးမှုဖလှယ်ရေး အစရှိသောကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံမှုပေးရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


