(၅-၉-၂၀၂၃ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid အား ၅-၉-၂၀၂၃ ရက်၊ (၁၀:၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံစဉ်အတွင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Under-Secretary-General Mr. Martin Griffiths ၏ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်နောက်ပိုင်း မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

