ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ ဈေးဝယ်စင်တာအတွင်းဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိ (၆-၁၀-၂၀၂၃ ရက်)

202031016 01

(၆-၁၀-၂၀၂၃ ရက်၊ နေပြည်တော်)

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Siam Paragon ဈေးဝယ်စင်တာတွင် ၃-၁၀-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် သေနတ်သမားတစ်ဦး၏ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသား ဒေါ်မိုးမြင့်၊ အသက် (၃၁)နှစ်၊ သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကျန်ရစ်သူမိသားစုထံပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ကျန်ရစ်သူမိသားစုထံ လက်ရောက်ပေးအပ်ခဲ့ပြီး၊ စာနာထောက်ထားကြောင်းနှင့် ဝမ်းနည်းကြောင်း အားပေးစကားပြောကြားခဲ့သည်။

ကျန်ရစ်သူမိသားစုဝင်များ၏ဆန္ဒအရ သေဆုံးသူဒေါ်မိုးမြင့်အား ၈-၁၀-၂၀၂၃ ရက်နေ့ တွင် Changwattana ဘုန်းကြီးကျောင်း၌ ကောင်းမွန်စွာမီးသင်္ဂြိုဟ်နိုင်ရေး မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရစ်သူမိသားစုမှ ဈာပနအခမ်းအနားသို့ သွားရောက်နိုင်ရေးအတွက်လည်း ဗန်ကောက်မြို့၊ မြန်မာသံရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သေဆုံးသူ၏ မိသားစုဝင် (၃) ဦးသည် ၆-၁၀-၂၀၂၃ ရက်နေ့၊ ၁၇:၂၅ နာရီတွင် လေကြောင်းပျံသန်းအမှတ်၊ UB-017 ဖြင့် ရန်ကုန်မြို့မှ ဗန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့သည်။

မြန်မာဘက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံရုံးမှတာဝန်ရှိသူများအနေဖြင့် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့