ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက် (၁၇-၇-၂၀၂၃ ရက်)

20230718 news 05

(၁၇-၇-၂၀၂၃ ရက်၊ နေပြည်တော်)

ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန်၊ ဘူတန်နိုင်ငံခြားရေးနှင့်ပြည်ပကုန်သွယ်ရေးဝန်ကြီး ဒေါက်တာ တန်ဒီဒေါ်ဂျီ၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၊ နီပေါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာရာရန် ပရာကက်ရှ်ဆော့ဒ်၊ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာအလီဆာဘရီ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာတန်ဇင်လက်ခ်ဖဲလ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဘင်းမ်စတက်အနာဂတ်ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများကျင်းပရေးတို့အပေါ် ဆွေးနွေးခဲ့ကြသည်။ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအား ဆွေးနွေးရာတွင် ကပ်ရောဂါ၊ ငွေကြေးအကျပ်အတည်း၊ သဘာဝဘေးအန္တရာယ်တို့နှင့် ရင်ဆိုင်တွေ့ကြုံရပါက ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားသောဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စများဖြစ်သည့် နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ် ထူထောင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

သီးသန့်အစည်းအဝေးအပြီးတွင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထို့နောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာပရာယုဒ်ချန်အိုချာအား စုပေါင်းတွေ့ဆုံခဲ့ကြပါသည်။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာ တန်ဇင်လက်ခ်ဖဲလ် က ၁၆-၇-၂၀၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ အတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဘင်းမ်စတက် ပဋိညာဉ် (BIMSTEC Charter) အား မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့သည့် စာလွှာ(မူရင်း)ကို အတွင်းရေးမှူးချုပ်ထံ ကိုယ်တိုင်အပ်နှံခဲ့သည်။ မြန်မာနိုင်ငံသည် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဘင်းမ်စတက်ပဋိညာဉ်အား အတည်ပြုပါဝင်ခဲ့ပြီးဖြစ်သည်။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးမကျင်းပမီ ၁၆-၇-၂၀၂၃ ရက်နေ့၊ ညနေပိုင်းတွင် ဘင်းမ်စတက် လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်းက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အခြားသောဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation – BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စသည့် အဖွဲ့ဝင် (၇) နိုင်ငံ ပါဝင်သည်။ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ (၇) ခုရှိသည့်အနက် မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိကြောင်း သိရှိရပါသည်။

*****************

20230718 news 06

20230718 news 07

20230718 news 08

20230718 news 09

20230718 news 10

20230718 news 11

20230718 news 12

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့