(၆-၉-၂၀၂၄ ရက်၊ နေပြည်တော်)
ပြည်ပသို့သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဌာနခွဲစာရေးများအတွက် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၅/၂၀၂၄)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် (သောကြာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသူ/သား(၃၆)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံခြားရေးမူဝါဒအပါအဝင် နိုင်ငံတော်၏မူဝါဒများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ သံတမန်ရေးရာများ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်သည့် ဘာသာရပ်ဆိုင်ရာများကို အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်ကြီးများအပြင် ဆက်စပ်ဌာနများမှ တာဝန်ရှိ သူများက သင်တန်းကာလ ရက်သတ္တ(၈)ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။





